နမော တဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
အရှင့်ရင်မှ အတွေးတစ်စ
နေ့တစ်နေ့၏ အစဦးကာလကို တွက်ဆကြည့်ပါလျှင် “အာရုဏ်တက်“ ဆိုသော ဒီကာလလေးကိုချန်ထားကောင်းအံ့မထင်ပါချေ..။စာရေးသူတို့ရဲ့ဇာတိဋ္ဌာနေ တောရပ်မြေ မှာတော့ ကြက်တွန်သံကို နားစွင့်ကာဖြင့် အရှေ့ဂေါယာယွန်းယွန်းမှ နီစွန်းစွန်း အရောင်ထွက်သည်နှင့် အာရုဏ်တက်ပြီဟူသော အသိကိုယ်စီဖြင့် အိပ်ယာအတွင်းမှ လူးထ ဆင်းသက်ခါ တောင်ယာလုပ်ငန်းခွင်သို့ ထွက်ကြစမြဲ ဖြစ်ပါ၏။
ဇနီး မယား သမီးသားနဲ့ စီးပွားအတွက် နေထွက်နေဝင် တောင်ယာဝင်ခါ ကြိုးစား အားထုတ် လယ် ယာ လုပ်ရသည်မှာ နေ့စဉ်ရက်ဆက်ပင် မဟုတ်ပါလား …. ကြီးပွား အောင်မြင် တိုးတက်ချမ်းသာလိုသော စိတ်ဆန္ဒဇောနှင့် မမောနိုင် မပန်းနိုင်ပဲ တောမြိုင်ဝနာ လှည့်လည်ကာဖြင့် ဘဝရှေ့ရေး သာယာရေးအတွက် စီးပွားအရှာထွက်သူတိုင်းသည် ဒီအာရုဏ်တက် အချိန်နှင့် ကင်းနိုင်သည်မထင်ပါချေ.. စောစောနိုးထ၍ တက်ကြွသော ဝီရိယ ရှိသည့်သူအား အာရုဏ်တက်ကာလသည် အောင်မြင်မှုတွေပေးဖို့ စောင့်ဆိုင်းနေ သလိုလိုပင်….. အာရုဏ်တက်ပြီးမှနောက်ကျ အိပ်ယာကထ လုပ်ငန်းခွင်ဝင်သူများမှာတော့ နေပူသည့်ဒဏ်ကို လူရော တိရိစ္ဆာန်ပါ ခံကြရပေရာ အချိန်ခါမှီ မှန်းရာမပြီး အချည်းနှီးဖြင့် တစ်နေ့တည်းပြီးရမည့်အမှု နှစ်ရက် သုံးရက်ပြုနေရမည် ဖြစ်ပေရာ….အာရုဏ်ဦးသည် သူ့ကို အသုံးချတတ်သည့် လူတစ်ဦး၏ အနိမ့်အမြင့် ဘဝအဆင့်ကို မြှင့်တင်ပေးနိုင်သလို အသုံးမချတတ်သည့် သူကိုလည်း နိမ့်ကျစေ နောက်ကျစေနိုင်သည်ပင် ဖြစ်ပါ၏ဟုသာ တွေးမိပါသည်။
ပြန်လည်တွေးဆ ကလေးဘဝ
မှတ်မိပါသေးသည် ၊ စာရေးသူတို့ ငယ်စဉ်ကာလ ကလေးဘဝသည်ကား ရွာဦးကျောင်း ဆရာတော်ကြီး၏ ထံပါးမှာ ညအိပ်ကျောင်းသားအဖြစ်နေလာခဲ့သည်ဖြစ်ရာ နံနက်အစောကြီးထ၍ ရွာအတွင်းသို့ ဆွမ်းဝတ်များ လှည့်လည်ယူကြရပါသည်.. အချို့အိမ်များသည် အချိန်မှန် အသင့်ကျက်နေသည်များ ရှိသလို အချို့မူကား ဆွမ်းဝတ်ယူ ကျောင်းသား ရောက်လာချိန်မှ အိပ်ယာထကာ သုက်တီးသုက်ပြာဖြင့် ရှိရာမှီရာချက်ပြုတ် ထည့်ပေးလိုက်ရသည့်အိမ်များ နှင့် စောင့်ဆိုင်းယူဆောင်ရသည့် အိမ်များလဲ မနည်းပေရာ ဘုန်းတော်ကြီ၏ ပြစ်တင်မြည်တမ်းမှုကို ခံရပါတော့သည်.ဝီရိယကောင်းသည့် အိမ်များတွင် အိမ်ထောင်ဦးစီး အမျိုးသားကြီးများက စောစောထ နွားစားကျွေး နွားရေခပ် ထင်းဖြတ် ထွန်ပြင် တောသို့ဝင်ကြသလို အိမ်ရှင်မများကလဲ စောစောထ ထမင်းကြမ်းကြော်လှော် ချက်ပြုတ် ရေနွေးတည် အိမ်သန့်ရှင်းစသည်ဖြင့် ချီးကျူးအားကျဖွယ် တွေ့မြင်ရသလို အိပ်ယာထလဲ နောက်ကျသေး တက်ညီလက်ညီလဲ မရှိသဖြင့် သူ့အပြစ်တင် ကိုယ့်အပြစ်တင်နဲ့ ဆဲသံဆူသံ သောသောညံနေသော အိမ်များကိုလည်း ကြားသိခဲ့ရပေရာ အာရုဏ်ဦး၏ ကြည်နူးဖွယ်အချိန်သည်ကား ဝီရိယ ညံ့ဖျင်းသည့် လူတစ်သင်းကြောင့် အမှောင့်ပယောဂပူးနေသည့်လူတစ်ဦးပမာ၊ကြည်လင်ရွှင်ပျမရှိတော့သည်ကိုလဲတွေ့မြင်ခဲ့ရပါ၏.. သို့ဖြစ်ရာ အာရုဏ်ဦးကာလသည် အသုံးချတတ်သော သူအတွက် တနေ့တာ ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသလို၊အသုံးမချတတ်သူအတွက်မူဓါတ်ခံမကောင်း သဖြင့် လာဘ်ကံမကောင်းနိုင်ကြောင်းကိုတော့ ထိုစဉ်ခါက သတိပြုခဲ့မိနိုင်ခြင်း ရှိမည်မဟုတ်ချေ၊ သို့သော် ရွာဦးကျောင်း ဆရာတော်၏ စိတ်စေတနာ ကြီးမားပုံကိုတော့ တွေးမိပါသေးသည်…
အာရုံထူးသည့်အာရုဏ်ဦးက ကရုဏာရှင်
ကျေးဇူးတော်ရှင် ရွာဦးကျောင်း ဆရာတော်သည် စာရေးသူနှင့်လည်း ဆွေမျိုးသားချင်းတော်စပ်ပါ၏ ။ မိခင်မုဆိုးမကြီး၏ မပြည့်စုံမှုနဲ့ အတူ မိမိရဲ့ ချို့ငဲ့မှုကို သိရှိသည့်အလျှောက်ပင် မိမိအပေါ် ကရုဏာထားခဲ့ ပိုခဲ့ပုံမှာ ယနေ့တိုင် မမေ့နိုင်ပဲ အာရုံထဲမှာ စွဲမြဲလို့နေပါချေသေးသည်၊ ညစဉ် ညတိုင်း ကျောင်းမှာအိပ်စေခဲ့သလို နေ့လည်ခင်းက ပိုမိုသည့် ဆွမ်းထမင်းဟင်းကိုလည်း ညနေစာချန်ထား၍ ကျွေးမွေးခဲ့ပါသည်။ ထိုတွင်မက မုန့်ဖိုး ရအောင်ဆိုပြီး နံနက်အစောကြီး ထစေကာ နီးစပ်ရာ တောတောင်၊ လယ်ယာ၊သွားစေလျှက်ရာသီအလိုက်ဇီးသီးကောက်ခြင်း..သီးနှံကောက်သင်းကောက်ခြင်းများကို ပြုလုပ်စေခဲ့ပါသည်။ ရလာသည့် သီးနှံများအား ရောင်းချစေ၍ ရလာငွေကြေးကို စနစ်လေးဖြင့် သိမ်းဆည်းပေးပြီး လိုအပ်သလို အရှင်အား ပြုစုစောင့်ရှောက် ခဲ့ရာ ဤငယ်ဆရာတော် ဦးကြီးတော်ဘုန်းကြီးကား တစ်သက်တာမေ့မရမည့် စာရေးသူ၏ အာရုံထူးသည့် အာရုဏ်ဦး ကရုဏာရှင် တစ်ပါးပင်ဖြစ်ပါ၏..
ရွာကျောင်းထေရ်မဟာ ကရုဏာ
စာရေးသူတို့ စာသင်တိုက်ရောက်ခါစ ကာလတွင် မြန်မာ့သမိုင်းစဉ်ရဲ့ အလှည့်အပြောင်းတခုဖြစ်စေခဲ့သော (၈၈၈၈)ရှစ်လေးလေးလုံးဆိုသည့်လူထုလှုပ်ရှားမှု အရေးခင်းကြီး ပေါ်ပေါက်လာပါချေ၏.ထိုအခါ အရှင်တို့လဲ ခေတ်လှိုင်းတိုက်စားခြင်းနဲ့အတူ ဘဝကမ်းပါယံ ပြိုရန် အကြောင်းဖန်လာချေပြီပေါ့… သို့နှင့်ပင် စာသင်နေရာ မေမြို့ စာသင်တိုက်မှ ဇာတိရွာ ဆီပြန်ရောက်ခဲ့ရပါလေ၏ ။ ရပ်ရွာတွင် ယခင်ငယ်ဆရာဘုန်းကြီး ပျံလွန်တော်မူပြီးစ နောက် ကျောင်းထိုင်ဘုန်းကြီး ကျောင်းထိုင်စ အချိန်ကာလ ဖြစ်ပေရာ အပြောင်းအလဲတွေကမယုံချင်စရာပေ..နောက်ကျောင်းထိုင်ဘုန်းကြီးသည်ကား မိမိနေခဲ့ရာ မေမြို့စာသင်တိုက်တွင် နှစ်ပေါင်းများစွာ တပည့်ရာချီ ကိုအုပ်ချုပ်ကာ တိုက်အုပ်ဆရာတော်အဖြစ် စီမံအုပ်ချုပ်ပြီး စည်းစနစ်ကြီးသော စာတတ်ပေတော် ဆရာတော် ဖြစ်လေရာ အရှင်တို့အားလည်း နေ့မအား ညမလပ် တတ်အပ်ပညာ အဖြာဖြာကို ရွာမှာပင် သင်ကြားပြသ ပို့ချပေးပါ၏။ ထူးခြားသည်ကား ဆရာတော်၏ တမူထူးခြား ကရုဏာတရားပင် ဖြစ်ပါ၏…
လမ်းပြသွန်သင် ဤသို့လျှင်
စာရေးသူ အပါအ၀င် တပည့် ရဟန်း ရှင်ငယ်တို့မှာ တောနယ်မှာမွေးဖွား ကြီးပြင်းသူများ ဖြစ်ကြသလို သာမာန် လက်လုပ်လက်စား ဘဝသမားတို့၏ သားသမီးများပင် ဖြစ်ကြရာ သင်္ကန်းမှ အစ စာအုပ်စာတန်းဖိုး အားလုံးအတွက် ရတက်မအေး အပူလေးများကိုယ်စီ နှင့်သာ ဖြစ်ကြပါ၏. လူပျိုပေါက်အရွယ် ရှင်ငယ်များ ဖြစ်ကြသည့် အားလျှော်စွာ ခေတ်နဲ့အညီ ပေါ်လာသည့် အသုံးဆောင်များအားလည်း သုံးချင်ပေမဲ့ မသုံးနိုင်သည်ကို သတိပြုမိဟန်တူပါ၏။ စာသင်ချိန်ရောက်ပြန်တော့လည်း ငွေကြေးအသပြာ မလွယ်ကူပါ၍ မြို့ပြအသီးသီးရှိ စာသင်တိုက်သို့ ပြန်ပို့ခြင်းငှာ မစွမ်းသာ ဖြစ်နေရာ အကြံကုန် ဂဠုန်စားချက်သည့်အလား စာရေးသူတို့တတွေအား အုတ်ပေါက်ခိုင်း ခဲ့ပါတော့သည် ၊ ကျောင်းဝိုင်းထဲရှိ မြေလွတ်နေရာများတွင် အုတ်ကျင်းပြုလုပ်ကာ မြေပေါက် ရွှံ့နယ် အုတ်သယ် အုတ်လှမ်း စသည်ကို ကျောင်းရှိ ရဟန်း ရှင်ငယ် ကျောင်းသား အားလုံး၏ လုပ်အားကို ရင်းနှီး၍ ကုသိုလ်ယူစေပါတော့သည်။ ဖြစ်ပေါ်လာသည့် အကျိုးအမြတ်တို့အား ဟောင်းနွမ်းနေသည့် ကျောင်းတော်ကြီးပြင်ဆင်ရန်အတွက် အသုံးချသလို စာသင်တိုက်ကို ပြန်လို စာသင်လိုသည့် တပည့်များအား လိုအပ်သလို ခွဲခြမ်းစိတ်ဖြာ ထောက်ပံ့ပါတော့သည်. ထို့ပြင်တစ်ဝ သူ့တပည့်မှန်လျှင်ဆင်းရဲဒဏ်မခံစေလိုသော ဆရာအရှင်သည် သင်ပေးအပ်သည့် အတတ်ပညာများစွာကို အခါမလပ် စောင့်ကြပ်လေ့လာ သင်ပေးပါသည် ၊ ပန်းရန် လက်သမားအတတ်ပညာမှ အစ ပန်းဖောက် လွှဆွဲ အတတ်ပညာအားလုံးကိုပင် အလျဉ်းသင့်ရာ ဆရာခေါ်ငင်သင်ယူလေ့လာကြစေပါ၏၊ ကျောင်းတော်ကြီးများ တည်ဆောက်ပြုပြင်သည့်အခါ အရှင်တို့အားပင် သင့်လျှော်သလို ကိုယ်တိုင်ကြီးကြပ် ခိုင်းစေပြီး ဝေယျာဝစ္စကုသိုလ်ထူးများ ဆည်းပူးရယူစေပြန်၏.. ကြည့်လေ ဆရာဘုန်းကြီး၏ ဒီကရုဏာအရင်းခံသည် စေတနာကြောင့် အာရုဏ်မတက်မီကာလ အိပ်ယာမှ ကိုယ်စီထကာ လုပ်ငန်းခွင် ဝင်ကြရ၏..နံနက်လင်းတော့ အုတ်လှမ်းနိုင်ပြီး ဖြစ်ပေမှ နံနက်စားအပြီးတွင် ပညာရင်နို့ပို့ချသောက်စို့နိုင်မည် မဟုတ်လား.. ဒီတော့လဲ အနာဂတ်ကောင်းစားစေလိုသော ဆရာဘုန်းကြီး၏ အာရုံထူးနှင့် ကိုယ်ကျိုးဆရာကျိုး သာသနာကျိုး သယ်ပိုးဆောင်ပြီးဖြစ်သွား ဝေယျာဝစ္စကုသိုလ်များ၏ အကျိုးပေးမှုဖြင့် ကိုယ်စီရှေ့ရေး သာယာအေးမြ အနေလှလိုသော တပည့်တို့၏ အာရုံထူးကား အာရုဏ်ဦးကို အသုံးချကာ အသုံးကျသော ဘဝပိုင်ရှင်တို့ ဖြစ်ရေး ဦးတည်တွေးခဲ့သည် ဖြစ်ပေရာ ရွာကျောင်းမှာနေ ဆရာမထေရ်သည်လည်း စာရေးသူ၏ ဘဝ သက်ဆုံး မမေ့နိုင်ဆုံးသော အာရုံထူးသည့် အာရုဏ်ဦး ကရုဏာရှင် တစ်ပါးပင် ဖြစ်ပါတော့သည်။
စာသင်တိုက်စုံ မြတ်အာရုဏ်
မေမြို့ခေါ် ပြင်ဦးလွင် ရတနာမာရ်အောင် စာသင်တိုက်သို့ ပညာရင်နို့ သောက်စို့ဖို့ရာ ရောက်တဲ့အခါမှာလည်း အာရုဏ်ကျင်းလို့ လင်းလုနီးနီး ၄ ချက်တီးကျော်သော်..ဆရာတော်၏ အုန်းမောင်းခေါက်သံ နားယံကြားသည့်တခဏမှာပင် အိပ်ယာမှထ ဘုရားဝတ်တက် စာတွေ ကျက်ခဲ့ရသည် ဖြစ်ရာ..စိတ်လက်ကြည်သာ ဉာဏ်ရွှင်စွာဖြင့် စာတွေ ကျက်ရသည်မှာ ရလွယ် မှတ်မိလွယ်ခဲ့ရကား အာရုံတက် ကာလသည် ဘဝအတွက် အောင်မြင်မှုအစပျိုးပေးရာ အချိန်သာ ဟု ခံစား နားလည်မိပါ၏။
ရန်ကုန် မြို့ ဗဟန်းညောင်တုန်း ပါဠိတက္ကသိုလ် တက်ရောက်ရစဉ်မှာတော့ အာရုဏ် တုန်းမောင်းခေါက်သံကားဆွမ်းခံချိန်ကိုအသိပေးနှိုးသည်ဖြစ်သလိုကြိုးစားလိုဘိဝီိရိယပြည့် သော အနာဂတ်သာသနာ့ညွန့်ဖူးများကို အိပ်ရာက လွန့်လူးနိုးထစေဖို့ ဖြစ်ပါ၏..
ကြည့်ပါအုံးလေ ….သံဃာများအားလုံး စုစုရုံးရုံးဖြင့် သလုံးခြေတိုင် မဏ္ဍိုင်ပြုလို့ ဆရာတော်ဘုရားကြီးကိုယ်တိုင် ဦးဆောင်ကာ တလမ်းဝင် တလမ်းထွက်ဖြင့် ရပ်ကွက်များအတွင်း ဆွမ်းခံလှည့်လည်နေပုံက အရုဏ်ဦး၏ ကြည်နူးဖွယ် မြင်ကွင်း တခု မဟုတ်ပါလား…
ဒီအာရုဏ်ဦးကိုပင် ကြည်နူးနှလုံး ပီတိအပြုံးဖြင့် အသုံးချလိုသူ သဒ္ဓါကြည်လင် ပါရမီရှင်တို့မှာလည်း အာရုဏ်မတက်မှီ ချက်ကြ ပြုတ်ကြဖြင့် နံနက်အာရုဏ်ကို ဒါနအာရုံဖြင့် အလှဆင် ကြိုဆိုနေကြသည်မှာအားရစဖွယ်ပင်… ဒီဒါနတွေက အကျိုးပေးတော့ တစ်နေ့တွင် ဓနရှင်တွေ ဖြစ်လာနိုင်သည် မဟုတ်ပါလားလေ… ဒီတော့ ဓနရှင်လောင်းဖြစ်ကြကုန်သော ဒါန ရှင်အပေါင်းနဲ့ ဒါနအလှူကို ခံယူလျှက် သာသနာအတွက် အားတက်ကြိုးပန်း စာသင် ရှင်ရဟန်းတို့၏ ကိုယ်စီအာရုံထူးဖြင့် အာရုဏ်ဦးကို ကြိုဆိုအသုံးချပုံကား မြင့်မြတ်လှပါဘိသို့
ဖူးမြင်ရသူ များလူဗိုလ်လည်း ကုသိုလ်လည်းရ သမဏာနဉ္စ ဒဿန မင်္ဂလာဖြစ်ကြောင်းဟုသာ ရင်မှာ မှတ်ယူလိုက်ပါတော့သည်။
တရားအာရုံ ကောင်းစွာထုံ၍ အာရုဏ်ကိုကြိုခြင်း
စာသင်သက်လေး ရလို့ အတန်းအသင့် အတန်းလေးတွေ ကြီးမြင့်လာခါ စာချဘွဲ့ခေါ် သာသနဓဇ ဓမ္မာစရိယ တန်းအောင်မြင်ပြီးနောက်ကာလတွင် ဗဟန်း ဟာမစ်တစ်ရှိ မဟာစည် သာသနာ့ရိပ်သာကြီးတွင် တရားဝင်ဖြစ်ခဲ့ပါသည်၊ တရားစခန်း စတင်၍ဝင်သည်မှ ဉာဏ်စဉ်နာရသည့်ကာလတိုင်အောင်နေ့စဉ်နေ့စဉ်ဆိုသလိုပင်အာရုဏ်မတက်ခင်ကတည်းက ကြိုတင် အိပ်ရာထရပါသည်. ထိုင် တလှည့် ထ တဖုံ.. စင်္ကြန်တမျိုးဖြင့် ဆရာနည်းကျကျ နိဿျည်းရအောင် တစ်နေကုန်ပင် အားထုတ်ကြရသည့် ဋ္ဌာနကြီးဖြစ်ပါ၏။
တစ်နေရာတည်းတွင် များပြားလှသောအနယ်နယ်မှ တရားချစ်ခင် စိတ်ကောင်းဝင်နေ သူတော်စင်တွေကို တွေ့နိုင်မြင်နိုင်ဖူးနိုင်သည်သာဖြစ်ပါ၏. အာရုဏ်တက်မှ ညဉ့်နက်အထိ မရပ်မနား တရစပ်အားဖြင့် ကိုယ်အားဉာာဏ်အား စွမ်းအားရှိသမျှ အားထုတ်ကာ အလင်းအာရုဏ်ကို တရားအာရုံဖြင့် ကောင်းကောင်း ကြိုဆို အသုံးချနေလိုက်ကြသည်မှာ အားကျအတုယူဖွယ်ပင်မဟုတ်ပါလား..ဒီတော့လဲ တရားဓာတ်ခံ ရင့်သန်နေကြသော သူများအဖို့ လောကဓံကို ယှဉ်ပြိုင်ရင်ဆိုင်ရာတွင် အကြောင်းကောင်းတော့ အကျိုးကောင်း၍ ကောင်းကျိုးတွေပြည့်စုံနိုင်မည်သာ ဖြစ်ပေတော့မည်…
အိန္ဒိယ နေစဉ် ဝယ် အမှတ်ရဖွယ်
၂၀၀၅ ခုနှစ် မတ်လမှာတော့ မပြည့်ဝသေးတဲ့ ပညာရေးနဲ့ မပြည်စုံသေးတဲ့ ဆန္ဒလေးတွေကြောင့် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ရှိ မဂဓ တက္ကသိုလ်သို့ တက်ရောက်ရန် စတင်အခြေချဖြစ်ခဲ့ပြန်ပါ၏. မြေမြတ်မဟာ ဗုဒ္ဓဂယာလို့ပင် တင်စားရသည့် ဘုရားပွင့်ခဲ့ရာ မြေမြတ်မဟာအနီးတည်ရှိသည့်တက္ကသိုလ်ကြီးမို့လည်းနေ့စဉ်လိုပင်မဟာဗောဓိပင်အပါအ၀င် အပရာဇိတပလ္လင်ကိုဦးတင်လို့ရနိုင်သည့်နေရာပင်ဖြစ်ပါ၏၊ သို့သော် အပရာဇိတပလ္လင်တော် နှင့် မဟာ ဗောဓိပင် ခြေရင်းသည်ကား သံဇကာ အထပ်ထပ်ခြံရံကာထားသည်မို့ အနားအနီး ကပ်ပြီး ပူဇော်ဖို့ အခွင့်အရေးက ခက်လှပါချေသည်. သို့ပင်ဖြစ်စေကာမူ စာရေးသူအတွက်မူ ထူးခြားသော အခွင့်ထူးကြီးကို ရခဲ့ဖူးပါ၏.. သာသနာ ၂၅၅၀ နှစ်ပြည့် ပွဲတော်ကြီိးကို The light of Buddha Dhamma foundation က ဦးစီးကျင်းပသောအခါ ထေရ၀ါဒ ငါးနိုင်ငံ မှ ဆရာတော် သံဃာတော်များ ကို ပင့်ဖိတ်ကာ ပိဋက သုံးပုံရွတ်ဖတ်ပူဇော်ပွဲတော်ကြိးကို ကျင်းပလေရာ စာရေးသူတို့ မြန်မာနိုင်ငံ မှ အဘိဓမ္မာပိဋကတ် ရွတ်ဖတ်ပူဇော်ခွင့် ရရှိခဲ့ ပါသည်. ထို့အခွင့်ထူးကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် အိန္ဒိယနိုင်ငံ ဒေသအသီးရှိ မြန်မာကျောင်းထိုင်ဆရာတော်ကြီးများ ဦးဆောင်ပြီး အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးမှ ဦးစီးတာဝန်ယူ ပူဇော်ရမည်ဖြစ်ရာ စာရေးသူ အပါအ၀င် ပညာသင်ရဟန်းတော်များမှာ ရက် ၂၀ ပတ်လုံး မဟာဗောဓိစေတီတော် အနီး မဟာဗောဓိပင် တည်ရှိရာ ပရဝုဏ်မှာ နေရာယူကြရ ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ မဏ္ဍပ် ကို မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု့များနှင့် ပြင်ဆင်ပြီး မြန်မာနိုင်ငံတွင် ကျင်းပသည့် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများအတိုင်းခန့်ညားလှစွာ ဖြင့် လင်းလွန်းပင် ခြေရင်း ရာဇာယတန သတ္တာဟ နေရာမှာ တည်ဆောက်ကြပါသည်။ မိမိမှာမူ တာဝန်ခံ အနေဖြင့် ပါဝင် ဆောင်ရွက်ခွင့်ရခြင်းဖြစ်ပေရာ အများထက်ထူးကဲသော အခွင့်အရေးအနေဖြင့် မဟာဗောဓိ ပင်အောက် ညအိပ်ခွင့် ရခဲ့ခြင်း ပင် ဖြစ်ပါသည်။ နိုင်ငံအလိုက် မဏ္ဍပ်များအတွင်းအပြင် လုံခြုံရေးအတွက် ညအိပ်စောင့်ရှောက် ရှောက်ဖို့ တစ်နိုင်ငံ (၂)ပါးက တာဝန်ယူ အိပ်စက်ခွင့် ရခြင်းဖြစ်ပေရာ စာရေးသူလည်း အပါအ၀င်ဖြစ်ခဲ့ပါ၏.။
ညဉ့်သုံးယာမ်လုံး နှလုံးမွေ့လျှော်ဖွယ် ဘုရားရင်ပြင်တော်ဝယ်
ည ကိုးနာရီ နောက်ပိုင်းတွင် မဟာဗောဓိ စေတီတော်ကြီးနှင့်အတူ မဟာဗောဓိပင် တည်ရှိရာ ခြံဝင်းတခုလုံး၏ ဂိတ်တံခါးများ အားလုံးကို ပိတ်လိုက်ကြပါပြီ… ဝန်းကျင်တစ်ခွင်လုံး သည်လည်း တိတ်ဆိတ်ငြိမ်သက်နေချေပြီ.. အလှည့်ကျလုံခြုံရေး အစောင့်များမှတပါး အခြား လူသူလေးပါး ကင်းနေတဲ့ ဘုရားရင်ပြင်သည် လေတိုးသံ သဲ့သဲ့ နှင့် သာယာလှပါဘိခြင်း… ညခင်းရဲ့ အလှတွေမှာ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသည့် ညသည် လှပသာယာဆုံး မဟုတ်ပါလားလေ… ခုလဲ ကြည့် ဗောဓိပင်ရယ် ရွှေပလ္လင်ရယ်နဲ့ ရှု့ဖွယ်မငြီး သတ္တဋ္ဌာန လုံး တည်ရှိနေသည့် ဘုရားရင်ပြင် တခုလုံးသည် ဆိုခဲ့ပြီးငြား ညတည ရဲ့ အလှများနဲ့ ပြည့်စုံနေသည့်ပမာ သာယာကြည်နူးဖွယ်အပြည့်ပေါ.
အရှင်သည်လည်း ရခဲ့လှသည့် တဒင်္ဂကို ရွှင်ပြသည့် သဒ္ဓါစိတ် ယိုဖိတ်သည့်အတိုင်း မဆိုင်းမတွပင် အကျိုးရှိရှိ အသုံးချချင်စိတ် ဖြစ်ခဲ့မိ၏.. သို့သော် အိန္ဒိယ၏ ဖေဖ၀ါရီလ ညပိုင်းသည် အလွန်အင်မတန် အေးမြလွန်းရကား လုံလောက်သော အနွေးစောင်မပါပဲ အိပ်နိုင် နေနိုင်ဖို့ မဖြစ်နိုင်ပါချေရာ အကာအကွယ်မဲ့ စွာ မဟာဗောဓိပင်အောက် လမ်းလျှေက် နေမိခြင်းကို ရပ်တန့်လို့ နံနက်မှစောစောထတော့မည်ဟု အောက်မေ့ စဉ်းစားရင်းပင် မဏ္ဍပ်အတွင်း ပြန်လည် ၀င်ရောက်ကာ နွေးထွေးစွာ အိပ်စက်ခဲ့ပါသည်..ညသန်းခေါင်အခါ နိုးထလာမိတော့ ဗောဓိပင်အောက် လမ်းထွက်လျှောက်ရင်း ဗောဓိညောင်ရွက်ကြွေကို ပရိဘောဂ စေတီအမှတ်နဲ့ ကိုးကွယ်အပ်သည်မို့ အသာကောက်ယူ ပူဇော်မိပါ၏.. ဤသို့ဖြင့်ပင် ဗောဓိပင်အောက် လမ်းလျှောက်တခါ ထိုင်၍တသွယ် ဣရိယာပုဒ် ဖလှယ်၍ ဘုရားရှင်မြတ်၏ သဗ္ဗညုတ ရွှေဉာဏ်တော်ကြီး လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ပုံကို စိတ်အာရုံယူ၍ အာရုဏ်တက်လာ မည့်အချိန်ကို စောင့်ဆိုင်း ကြည်ညိုနေမိပါတော့သည်…..။
ဒေါင် ဒေါင် ဟု သံချောင်းခေါက်သံ လေးချက်တီးသံ နားယံမှာ ကြားရပါချေပြီ.. ဗုဒ္ဓံ ဆရဏံ ဂတ်ချာမိ အစရှိသည်ဖြင့် တိဘက်ဘုန်းတော်ကြီးများ၏ ဘုရားရှိခိုးဟန် တရားသံသည်လည်း အာကာဝေဟင် မှ လွင့်ပျံလာခဲ့ပါချေပြီ… တဖျပ်ဖျပ်ဖြင့် သွားဟန်လာဟန် လှုပ်ရှားသံတို့လည်း ကြားရချေပြီဖြစ်ရာ နားကိုလည်းစွင့်လျှက် မျက်စိအဖွင့်မှာတော့ ဟော……. မနည်းမနောသော လူတွေပါလားလေ… သူ့ထက်ငါ အလုအယက် ဦးအောင် ဗောဓိညောင်ပင်နှင့်အတူ စေတီတော်ကြီးအား ဦးခိုက်ဖို့ ကြိုးစား နေသူ ..ဆွမ်းတော်တင်ဗန်း အသီးသီးဖြင့် ရေးချမ်းသစ်သီး ပန်းဆီမီးဆွမ်း လှူဒါန်းကြဖို့ ပြင်ဆင်နေသူများဖြင့် စေတီရင်ပြင်တော်သည် သဒ္ဓါပြည့်ဝ နှလုံးလှသော ဗုဒ္ဓဘာသာ ဘုရားဖူးများနှင့် ပြည့်လို့နေပါ၏.. အော် သူတို့သည်လည်း ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ကောင်းကျိုးသုခ ပြည့်ဝစုံလင် ရရှိချင်၍ ဘုရားရှင်၏ ကိုးပါးဂုဏ်တော်ကို အာရုံယူမျှော် လာပူဇော်ကြခြင်း ရှိခိုးကြခြင်း ဖြစ်ကြပေရာ ….. မြင့်မြတ်တဲ့ အာရုံနဲ့ လင်းအာရုဏ်ကို ကြိုဆိုနေကြသည်သာ ဖြစ်သည်ဟု တွေးမိလိုက်ပါတော့သည်…
နောက်ရက် နောက်နေ့ အာရုဏ်ကာလများတွင်တော့ အစောဆုံး ရောက်ရှိ ကြွလာသည့် သံဃာတော်များအား သင်္ကန်း သစ်သီး မုန့်ပဲ သရေစာ စုံလင်စွာကို ဘုရားရင်ပြင်တော်မှာပင် စောင့်ကြိုလှူဒါန်းဖြစ်ပါ၏.. အစစအရာရာ အရှင်စိတ်တိုင်းကျ လုပ်ပိုင်ခွင့် လှူဒါန်းနိုင်ခွင့် ရရှိထားရာ အာရုဏ်ကာလ တိုင်းတွင် ဘဝတာတွင် တခါမှ မရဖူး သော ကုသိုလ်ထူးများကို ဆည်းပူး ရယူရင်း အာရုံထူးဖြင့် ရက်၂၀ ကြာကြာ အာရုဏ်ဦးကို ကြည်နူးစွာ ဒါနပန်း လမ်းခင်းကာ ကြိုဆိုနေမိပါတော့သည်…
သီရိလင်္ကာရောက်အရှင် ၏ နံနက် အာရုဏ် ကြိုဆိုပုံ
ထေရ၀ါဒ ဗုဒ္ဓဘာသာအယူအဆကို လိုက်နာကျင့်သုံးသည့် နိုင်ငံများတွင် မြန်မာ နည်းပမာ သီရိလင်္ကာနိုင်ငံသည်လည်း ထိပ်ဆုံးမှ ပါဝင်ပါ၏။ အရှင်သည် ၂၀၀၆ ခု မတ်လမှ စတင်၍ သီရိလင်္ကာနိုင်ငံတွင် အခြေချကာ ကိုလံဘိုမြို့တော်ရှိ BUDDHISM AND PALI UNIVERSITY တွင် မဟာဝိဇ္ဇာဘွဲ့အတွက် ဆက်လက်ပညာရင်နို့ သောက်စို့ခဲ့ပါသေးသည်။ ကံအားလျော်စွာပင် မိမိမှာ အခြား ကျောင်းသားရဟန်းတော်များနှင့် မတူ တမူထူးခြား အခွင့်ရေး ရရှိခဲ့ပြန်ပါသည်.. ၎င်းမှာ မြန်မာဘုန်းကြီး စာသင်သားရဟန်း တပါးအနေဖြင့် သီရိလင်္ကာဘုန်းတော်ကြီးကျောင်းတွင် ဘာကိုမှ မတောင့်မတ မကြောင့်ကြရပဲ ကျောင်းထိုင်ဘုန်းကြီးတပါး အသွင်ဖြင့်နေထိုင်ခဲ့ရ စာပေလေ့လာသင်ယူခဲ့ရခြင်းဖြစ်ပါ၏. မတူကွဲပြား ယဉ်ကျေးမှု့များ ရှိနေလင့်ကစား သူတို့၏ ဒေသဓလေ့ ထုံးစံတစ်ခုမှာမူ စံပြု မှတ်သားစရာကောင်းလှပါ၏. ၄င်းမှာ.. သီရိလင်္ကာရှိ ဘုန်းတော်ကြီးကျောင်းတိုင်းသည် တောရောမြို့ပါ မကျန် အာရုဏ်တက်ချိန်တိုင်းတွင် အသံချဲ့စက်ဖြင့် ဘုရားရှိခိုး ပရိတ် တရားတော် ခွေများကို အများပြည်သူ နာယူကြည်ညိုနိုင်အောင် ဖွင့်ပေးခြင်း ဖြစ်ပါသည်. သို့ဖြစ်ရာ မိမိမှာလည်း ကျောင်းဘုန်းကြီးအသွင်ဖြစ်နေရကား နံနက်တိုင်းလိုလိုပင် အာရုံမတက်မီ စောစောထလျှက် သင့်လျှော်ရာ သီဟိုလ်ဆရာတော်ကြီးများ၏ ပရိတ်ရားတော် အသံသွင်းခွေများကို နေ့စဉ်နေ့စဉ် ဖွင့်ပေးရပါချေပြီ. အစတွင် နားမလည်သော်လည်း တစတစ နားရည်ဝလာသောအခါ ပရိတ်တော်မျိုးစုံကို သီဟိုလ်အသံဖြင့် ရွတ်ဖတ်ပုံကို နားလည်စပြုလာပါ၏။ တရားခွေဖွင့်ထားချိန်တွင် ဘုရားရုပ်ပွားတော်များအား ဆီးမီးလှူခြင်း ပန်း ရေချမ်းကပ်ခြင်းမှာ ပြုလုပ်အားထုတ်ဖြစ်သည်မှာ နေ့စဉ်ပင် ဖြစ်ပါတော့၏. ဒီနောက်မှာတော့ အရှေ့မျက်နှာမှ နီစွေးစွေးအရောင် တက်လာခဲ့ပေရာ ကျောင်းတော်အတွင်း လှည်းကျင်း သန့်ရှင်းရင်း အာရုဏ်ဦးကို ကြိုသလို ဖြစ်နေခဲ့ပေသော အရှင်၏ သီရိင်္ကာ နံနက်တိုင်းသည် ကောင်းသောအာရုံဖြင့် အာရုဏ်ကို ကြိုနေခဲ့ယောင်ယောင်ပင်ထင်ပါ၏
မလေးရှား အတွက် အာရုဏ်တက်
၂၀၀၈ ခုနှစ် သြဂုတ်လ အတွင်းမှာတော့ အရှင်သည် ညောင်ကန်အေး ဆရာတော်ဘုရားကြီး၏ ချီးမြှောက်မှု.. ဆရာတော်အရှင်ပရမ ၏ ကူညီဖေးမ ခေါ်ဆောင်မှု ဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် ပူချုန်း ဒေသရှိ ညောင်ကန်အေး သာသနာ့ရိပ်သာ သို့ စတင်အခြေချ ရောက်ရှိခဲ့ရပါချေ၏. ရောက်ခါစကာလများသည်ကား ဘုန်းတော်ကြီး ဦးပရမအစီစဉ်အတိုင်းသာ နေရထိုင်ရပေရာ ကျောင်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက် နေထိုင်ရုံမှတပါး စာရေးသူမှာပူပန်သောကရောက်ဖွယ် တစ်စုံတရာ မရှိခဲ့ပါချေ.
ဆရာတော် ဦးပရမသည် အမေရိကန်သို့ ပြောင်းရွှေ့သီတင်းသုံးဖို့ အတွက် အစစ ပြင်ဆင်ထွက်ခွာသွားရာ အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ ကျောင်းတိုက်ရေရှည် တည်တန့်ခိုင်မြဲရေး နှင့် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်သည် မိမိပခုံးပေါ်သို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ချေပြီတည်း..။ သို့သော်လည်း အသိ ဒကာ၊ဒကာမ နည်းပါးလှသည့် မိမိအား ကျောင်းတိုက်ဆိုင်ရာ ဒကာဒကာမများနှင့်လည်း မိတ်ဆက်အပ်နှံပေးခဲ့ခြင်းလည်း မရှိခဲ့ပေရာ ကျောင်းတော်ရှေ့ရေး တည်တန့်ခိုင်မြဲရေး မဆိုထားဘိ… ကျောင်းလခ ရေမီး လခများအား မှန်မှန်ပေးနိုင်ရေးအတွက်ပင် မလွယ်ပါချေ… မိမိပါလာငွေ ဒေါ်လာ ၁၁၀၀ ကျော်လေးအား ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားရင်း တစ်စ တစ်စ သောကဆိုတာကို အဖေါ်ပြုတတ်လာခဲ့ပြီပေါ့….
နောက်ပိုင်းကျန်နေ ဆရာတော်တွေ ဆီ သတင်းပို့လျှောက်ထားသောအခါ သာသနာ့ ဝန်ထမ်း ရှင်ရဟန်းမို့ တတ်စွမ်းနိုင်သလို ဂုဏ်တော်တွေပွား ပရိတ်များရွတ်ပြီး ဘာသာ သာသနာစိတ်နဲ့ သင့်တဲ့ စရဏတစ်ခု ပြုပါရန် အကြံပြုလမ်းညွန်မှု့ကို ရရှိခဲ့ပါ၏..ဒီအခါမှ စတင်ကာ အရှင်သည် နံနက်စောစောထ အနေကဇာတင် ပဋ္ဌာန်းရွတ်ခြင်း တရားထိုင်ခြင်း. ဂုဏ်တော်တစ်ထောင်ပုတီးစိပ်ခြင်းများကို ကြိုးစား မယုတ် အားထုတ်ပြုလပ် ဖြစ်ပါတော့၏..
ဤသို့လျှင် ကောင်းမြတ်သောအာရုံဖြင့် နေ့စဉ် နေ့စဉ် အာရုဏ်ကို ကြိုဆိုလက်ခံခဲ့ပေရာ အကြောင်းကောင်း၍ပင်လား မသိ အကျိုးပေးကောင်းလာခဲ့ပေရာ ကျောင်းတော်ကြီးသည် ယခင်သို့ပင် ပြန်လည် စည်ပင် သာယာခဲ့ပါတော့သည်..
လက်ရှိကျောင်းနှင့်လင်းအာရုဏ်
ညောင်ကန်အေးသာသနာ့ရိပ်သာ ကျောင်းတော်ကြီးသည် ကျောင်းခန်းမ ဆက်လက်ငှားရမ်း နိုင်မှု အခက်ခဲကြောင့် ယခင်ပူချုန်း ကျောင်းနေရာ မှ လက်ရှိနေရာ ကူချိုင်းလားမား ဆီသို့ ၂၀၀၉ ခု မေလ တွင် စတင်ပြောင်းရွှေ့ တည်ထောင်ခဲ့ရာ ယခုဆိုလျှင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါသည်။ကျောင်းတော်ကြီးအားအရှည်ခိုင်ခန့်၍ တည်တန့်အောင်လည်း ညောင်ကန်အေး ပုညဝဎန အသင်းကြီးကိုစနစ်တကျ ဖွဲစည်း နိုင်ခဲ့သလိုစုပေါင်းအားဖြင့် မြန်မာ့အားမာန်ပညာရေးလေ့ကျင့်သင်တန်းကျောင်းတော်ကိုလည်း တည်ထောင်ကာ ပညာရေးဆိုင်ရာ သင်တန်းများကို ပို့ချသင်ကြား ကုသိုလ်ပွားနိုင်ခဲ့ပြီး ဖြစ်သည်.
ကျောင်းတော်၏ တနေ့တာ ဘာသာရေးဆိုင်ရာ ကျင့်ဝတ်များအနေဖြင့်လည်း နံနက် ၅ နာရီ ၃၀ မှ စတင်သော အစီစဉ်များကို ရေးဆွဲထားရှိလိုက်နာ ဆောင်ရွက်လျှက်ရှိပါသည်. ကျောင်းတော်တွင်လေးပေနီးနီး ဉာဏ်တော်မြင့်မားလှသော ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်ကြီး ရှိပေရာ နံနက်တိုင်းတွင် မျက်နှာသစ်တော်ရေကပ်လှူခြင်း၊အမွှေးနံ့သာနှင့်၊ဆီမီး..ပန်းရေချမ်း အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းတို့ကို နေ့စဉ်မပြတ် ဆက်ကပ်လှူဒါန်းလျှက်ရှိပါ၏.. နံနက် ၆နာရီတွင်တော့ ကျောင်းရှိ သံဃာတော်များ ကျောင်းသားဧည့်သည် အားလုံးတို့သည် စုပေါင်းကာ အနေကဇာတင်ခြင်း ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းများကို နေ့စဉ်ပင် ပူဇော်လျှက်ရှိပါသည်။ တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့်လည်း ကြေသွန်းဗုဒ္ဓဆင်းတု တော်ကြီးအား ရောင်တော်ဖွင့်ခြင်းဖြင့်လည်း ကုသိုလ်ထူးကို ဆည်းပူးကြလေ့ ရှိရာ မောင်ပေါ်လွင် မှ တာဝန်ယူ ပူဇော်လေ့ရှိပါ၏ မောင်ပေါ်လွင် မလာသော ကာလများတွင်မူ ကျောင်းရှိနေကြသော ရဟန်းတော်များမှ တာဝန်ယူ၍၎င်း.. အကြောင်းအားလျော်စွာ ရောက်ရှိလာကြသော ရွှေမြန်မာကျောင်းသားများမှ၎င်း ကုသိုလ်ယူ ပူဇော်နေကြပါ၏ အချုပ်အားဖြင့်ဆိုသော် စာရေးသူသီတင်းသုံးရာ ညောင်ကန်အေး သာသနာ့ရိပ်သာနှင့်အတူ ရိပ်သာအတွင်း မှီတင်း တည်နေ ရဟန်းရှင်လူတွေ သည် ပုံမှန်အားဖြင့် ကောင်းမြတ်သော ဘုရား တရားအာရုံနဲ့ မြင့်မြတ်သော ရတနာသုံးပါးနှင့်ဆိုင်ရာ ဝေယျာဝစ္စပြုရင်း နေ့စဉ် နေ့စဉ် အာရုဏ်ဦးကို ကုသိုလ်ထူးဖြင့် ကြည်းနူးရွှင်စွာ ကြိုဆိုနေသည်ဟု ဆိုရလျှင် လွန်အံ့မထင်ပါချေ..
ကျောင်းဂုဏ်သတင်း ပျံ့နှံ့သင်း
မလေးရှားတွင် ကျောင်းထိုင်အဖြစ် သီတင်းသုံးနေခဲ့သည်မှာ နှစ်နှစ်ဆိုသော အတိုင်းတာအတွင်းသို့ပင် ဝင်လာခဲ့ချေပြီ.. ရောက်ခါစကာလ များတွင် အဆင်မပြေမှုအချို့ ရှိခဲ့သော်ငြား များပြားလှသော ရွှေမြန်မာ စေတနာရှင်တို့ သဒ္ဓါအားကြောင့် အခက်ခဲမှန်သမျှ ကျော်လွှာဲးအောင်မြင်နိုင်ခဲ့ကာညောင်ကန်အေးသာသနာ့ရိပ်သာကြီး၏ ဂုဏ်သတင်းသည် ပျံ့သင်းစလည်းပြုခဲ့ပါပြီ…..
အများပေါင်းစု ကောင်းမှုတခုအနေဖြင့် ဖွင့်လှစ်ပို့ချ ပညာဒါန သင်တန်းများကလည်း ကျောင်းတော်ဂုဏ်ရောင် ထွန်းပြောင်လာရေး စွမ်းဆောင်ပေးနေသကဲ့သို့ပင် ဖြစ်ချေရာ ကျောင်းတော်မှာ တစ်စတစ်စနှင့်မလေးရှားမှာ လူသိများ ထင်ရှားလာခဲ့ပါချေ၏… ထို့ပြင်လည်း ကျောင်းတော်ကြီးတွင် သံသရာအေး သိမ်တော်ကြီးကို အောင်မြင်စွာ တည်ထောင်သမုတ်ထားနိုင်သည်ဖြစ်၍ အကြောင်းအမျိုးမျိုးဖြင့် မလေးရှားနိုင်ငံ ဒေသအနှံ့အပြားရောက်နေသည့် ကောင်းမှုလိုလား အမျိုးကောင်းသားတို့အားလည်း သာသနာဘောင်အတွင်း သွတ်သွင်းချီးမြှောက်နိုင်ခဲ့သလို အခြားသော သာသနာပြု ကျောင်းတော်များ၏ ကံကြီးကံငယ်ဆောင်ခြင်းများနဲ့အတူ ရဟန်းခံ ပွဲတော်များကို လက်ခံစီစဉ် ကူညီပေးနိုင်ခဲ့ရာ ရဟန်းတော်ပေါင်း ရာချီ ရှိခဲ့လေပြီ ဖြစ်ပါ၏…. တရုတ်အဖွဲ့အစည်းများ၏ ပင့်ဆောင်မှု့ဖြင့် ဗုဒ္ဓဒေသနာတော်များ ပျံ့ပွားရေးကို ဆွေးနွေး ဖြေကြား သရဏဂုံသီလများ တည်စေနိုင်ခဲ့သည်မှာလည်း အကြိမ် များစွာပင်…
မြန်မာပြည်အတွင်း ဒေသအသီးသီးမှ သာသနာပြုအကျော် ဆရာတော်ကြီးများ ကြွရောက်လာသည့်အခါကာလများတွင်လည်း ကျောင်းတော်ဆီ ပင့်၍တသွယ် .. ဟိုတယ်များဆီ သွား၍ တနည်း… ဆည်းကပ်ဖူးမျှော် ပူဇော်နိုင်ခွင့် ရခဲ့သည်ဖြစ်ရာ သာသနာ အရေးသြဝါဒပေးသည်ကိုလည်းအားရပါးရ နားကြားရပြန်ပါသည်.. မြန်မာပြည်ဒေသအသီးသီး မှ ဗဟုသုတအဖြစ် ကြွရောက်လိုကြသော ဆရာတော်သံဃာတော်များအား စပွန်ဆာပေး ပင့်ဆောင်ကူညီခြင်း ရောက်လာသည့်ကာလများတွင်လည်း သင့်လျှော်သလို ဆွမ်းသင်္ကန်း ကျောင်းဆေး ပစ္စည်းလေးပါး အရေး မပူအေးမြ နေနိုင်ရအောင် ကူညီပေးခြင်းများ ပြုလုပ်နိုင်ခဲ့ သလို လူပုဂ္ဂိုလ်အမြောက်အများကိုလည်း ထိုနည်းတူပင် ကူညီနိုင်ခဲ့ အားပေးနိုင်ခဲ့ဖြစ်ပါသည်။
မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ နည်းမျိုးစုံဖြင့် မလေးရှားရောက်လာပြီးမှ အဆင်မပြေ ဖြစ်နေကြသော ကောလင်းပြေး..စက်ရုံပြေး..ဆေးကျ.. စသည်ဖြင့် အခက်ခဲကြုံ နေကြရသော ရွှေမြန်မာအမျိုးကောင်းတို့နှင့်အတူ စင်္ကာပူဘက်မှ စတေးရှောင်ရန် ရောက်လာခဲ့သူ ရွှေမြန်မာအမျိုးကောင်းသား၊သမီးများအားလည်း ကျောင်းတော်မှ နေရာပေး ထမင်းကျွေးထားပြီးအဆင်ပြေအောင်အကျိုးဆောင်ဆက်သွယ်ကူညီပေးခဲ့နိုင်မှု့များကလည်းပဲ၊ဘယ်လိုတွေးတွေးရင်ထဲအေးစရာ၊လူမှု့ရေးအကျိုးဆောင်မှု့တစ်ခုလို့ခံယူနားလည်မိပါ၏…
မည်သို့ပင်ဖြစ်စေ ကျေးဇူးတော်ရှင် ညောင်ကန်အေး ဆရာတော်ဘုရားကြီး၏ မေတ္တာ စေတနာနဲ့ယှဉ်သော သွန်သင်ညွန်ပြ သြဝါဒဖြင့် တည်နေသော ညောင်ကန်အေး ကျောင်းတော်ကြီးနှင့် အမျိုး ဘာသာ သာသနာရေး အလေးပေးဆောင်ရွက်ခြင်း ဂုဏ်သတင်း များကား မလေးရှားနေ မြန်မာတို့ရင်တွင်း ပျံ့သင်းလို့နေချေပြီဖြစ်ပါ၏..
လူတိုင်းကို စိန်ခေါ်နေသည့် အာရုံများ
စိတ်ကြံရာဖြစ်နိုင်ခြေရှိတဲ့…တိုးတက်နေသောသိပ္ပံခေတ်ကြီးဝဝယ် အံ့ဖွယ်တိုးတက်မှု့ များကား မျက်စိနားနှာ လျှာကိုယ်စိတ်ကိုသာ သတိနဲ့ မထိန်းနိုင်ပါက အရာရာသည် လိုချင်စ ဖွယ် နှစ်သက်စဖွယ်ချည်းသာ… ကောင်းမြတ်တဲ့အာရုံတည်းဟူသော လိုချင်တတ်မက် နှစ်သက်စရာကို မြင်ရကြားရ ကြုံရသောအခါ လောဘဇောက စကားပြောလာသောတော့ ကောင်းသော ဆိုးသော စောကြာစိတ်ဖြာ မစဉ်းစားတော့ပါပဲ တဏှာအကြိုက် အလိုလိုက်ရာက လောဘမီးလောင်၍ လောဘရဲ့ သားကောင်များ ဖြစ်သွားကြရသူတွေ .. မနှစ်မြို့သော အနိဋ္ဌာရုံတည်းဟူသော မကောင်းသော အာရုံတွေနဲ့ အကြောင်းတိုက်ဆုံ တွေ့ကြုံရသောအခါမှာလဲ စိတ်ထဲယူလွဲ ဖောက်လွဲဖောက်ပြန် ဒေါကန် မာန်တင်း ခံပြင်းမှု့တွေ ဖြစ်နေကြလို့ ဒေါသတွေပွား ရန်မီးများနေကြရသူတွေ …. သူတွေ သူတွေ စသည်ဖြင့် အာရုံငါးပါး ကာမဂုဏ်တရားများက လူသားတို့ စိန်ခေါ်သဖွယ်ဖြစ်နေသကဲ့ပင် .
တစ်နေ့တခြား တိုးတက်လာသည့် လူသားတို့ရဲ့ ဖန်တီးနိုင်မှု့ စွမ်းပကားသည်လည်း လူသားတို့ စိတ်အာရုံကို ညှို့ယူ ဖမ်းစားထားနိုင်သည့်ဒေဝစ္ဆရာနတ်ကညာတစ်ပါးအသွင်နှယ် ထင်ရပါ၏.. ဖြူပြာနီဝါ ရောင်စုံဖြာနေသည့် ကညာနှမတို့၏ အလှအပသည်လည်း မြင်သူတို့ နှလုံးသားအား စွဲသွားနိုင်လောက်အောင်ပင် ဖီးလိမ်းပြင်ဆင် ထားကြလေရာ မြင်သူတကာ ရင်ထဲတကယ်လည်းစွဲလောက်ပါ၏လှပါဘိ…ဒီအာရုံတွေနောက်တကောက်လိုက်နေမယ်ဆို ရင် ဖြင့်မူ လမ်းဆုံးတော့မည်မထင်ပါချေ.
နိုင်ငံတကာရဲ့ ဖွံ့ဖြိုးတိုးတက်မှု့တွေဆီကို ငဲ့စောင်းကြည့်သောအခါမှာလည်း ရုပ်ဝတ္တုဖွံ့ဖြိုးတိုးတက်ပုံတွေက အံ့မဆုံးချင်စရာ.. မိုးမျှော်တိုက်တာတွေ .. စူပါ့စူပါ မဟာ ကုန်တိုက်ကြီးတွေနဲ့ ခေတ်ပေါ်ပစ္စည်း အသီးသီးသည် နေရာတကာတွင် မင်းမူနေလေရဲ့ပေါ့.. အရှေ့တောင်အာရှ၏ ထိပ်သီးလို့ ပြောရမဲ့ နိုင်ငံတွေ တောင်အာရှရဲ့ ထိပ်သီး လို့ ပြောရမည့် နိုင်ငံတွေဆီသို ဒေသန္တရ ဘသန္တရအလို့ငှာ လေ့လာရေးတွေ ရောက်ခဲ့ဘူးပါ၏ .. ကိုယ်လိုချင်ရာ ဘယ်ဟာမဆိုဘာကိုဖြစ်ဖြစ် ငွေသာပစ်ပေးရင် ရနိုင်သည်သာချည်းပင်ဖြစ်၏
ခေတ်ရေစီးကြောင်း တိုက်စားလို့သာ အရှင်တို့ဘဝကမ်းပါး လိုက်ပြိုရစတမ်းဆိုပါမူ စာရေးသူ ကိုယ်တိုင်လည်း ဘာဖြစ်နေမည်အုံးတော့ မသိချေ…
ခေတ်ကာလ အခြေနေအရ ပညာရည်ဖွံ့ဖြိုးတိုးတက်ဖို့ လူမှုဆက်ဆံရေးနှင့်အတူ သာသနာအရေး အလေးပေးနိုင်စေဖို့ အင်တာနက်ကို ဖွင့်လို့ လေ့လာပြန်တော့ ကမ္ဘာ့ဇတ်ခုံ ကြီးပေါ်တွင် ခုံမင်စရာ နေချင်စရာ သွားချင်စရာ လည်ပတ်လေ့လာချင်စရာတွေက အများသားလား… သဘာဝကို ပကာသနဆင်ကာ နေချင်စဖွယ် စားချင်စဖွယ် တင့်တယ်အောင် ကြံဆောင်ပြုလုပ်ထားကြသည်များမှာလဲ….အော်…စိတ်ရှိတိုင်းသာ ငွေထုတ်ပိုက်သွားတောင် ကုန်စင်နိုင်အံ မထင်ပါလေတော့…
အနှစ်ချုပ်သော် ဒီလောကီအာရုံ ကာမဂုဏ်များကား လူသားတို့အား ဆွဲဆောင်နေ မြူဆွယ်နေသည်ကတော့ အမှန်ပင်… ပယ်လယ်ရေသောက် သောက်လေ ငတ်လေ ငတ်မပြေ ပဲ ဆိုရမလား တံလျပ်ကိုရေထင် ရွှေသမင်အလိုက်မှား သို့ လိုက်လေ ဝေးလေပင် ဖြစ်နေ သလားတော့ မပြောတတ်ချေ… ပြည့်စုံပြီ ကျေနပ်ပြီဆိုသောစကားကိုတော့ ကြားအံ့ မထင်..
ဤအရှင်သည်ပင် ပညာရေးဖြင့် အိန္ဒိယ..သီရိလင်္ကာ နိုင်ငံတို့ဝယ် လှည့်လည်ပညာသင်ခဲ့စဉ် ကိုယ့်ထက်သာတဲ့ နိုင်ငံတွေသို့ ရောက်ရှိလည်ပတ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်ခဲ့ဘူးပါ၏.ပမာအားဖြင့် မလေးရှား စင်္ကာပူလောက်တော့ ဒီဘဝအရောက်သွားလည်နိုင်ရမယ်လို့ တွေးခဲ့ထားဖူး၏..တွေးချင်လောက်အောင်ပင် မလေးရှား စင်္ကာပူနိုင်ငံတို့၏ဂုဏ်သတင်းကား လူတိုင်းပါးစပ်ဖျား ရေပန်းစားခဲ့သည် မဟုတ်ပါလားလေ..
ခုတော့ဖြင့်မူ တစ်ချိန်က တွေးခဲ့သောနိုင်ငံအားလုံးလိုလိုပင် ရောက်ရှိဖူးခဲ့လေပြီ. လိုမပြည့်ဝအစိုးမရနိုင်သည့် တဏှာ၏့ကျွန်သာဖြစ်သော မိမိမှာလည်း များစွာသော အာရုံတို့၏ ဆွဲဆောင်ရာနောက် ပါချင်လာစပြုလေပြီ….. အာရုံမျိုးစုံတို့က စာရေးသူအရှင်၏ ခံနိုင်ရည်နှင့် စွမ်းဆောင်နိုင်ရည် တို့ကို စိန်ခေါ်နေကြသလို အလျှိုလျို ပေါ်ပေါက်လာခဲ့ပြီ မဟုတ်ပါလား..
ကျောင်းတော်ရွှေ့ရန် စိန်ခေါ်ဟန်
မလေးရှားရောက်ပြီးနောက် အမျိုးဘာသာ သာသနာအတွက်အားမာန်တက်စွာ ဆောင်ရွက် နိုင်ရေးအတွက် ညောင်ကန်အေး ပုညဝဎနအသင်းကြီးကို မိမိမှ ဦးစီး၍ တည်ထောင်ဖြစ်ခဲ့ပါ၏ ။ မလေးရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူးကြီးအပါအဝင်ပညာရှင်များဆရာဝန်များ၊အင်ဂျင်နီယာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ကာယညာဏလုပ်သားများ၊ အပါ အဝင်စေတနာရှင် အင်းအား ၁၇၀ ခန့်ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီးအဖွဲ့ကြီး၏စိတ်စေတနာမေတ္တာမြန်မာ့အားမာန်ပညာရေး လေ့ကျင့်သင်တန်းကျောင်းတော်ကြီးကို တည်ထောင်ဖွင့်လှစ်ကာ ကွန်ပြူတာ အင်္ဂလိပ်စာ ဘာသာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချ ကုသို်လိပြုနိုင်ခဲ့ပါသည်။
အဖွဲ့ကြီး၏ အကျိုးဆောင်အဖွဲ့တွင် စစ်သံမှူးကြီးလည်း ပါဝင်ပြီး မိမိစေတနာဆန္ဒဖြင့် လစဉ်ကိုယ်တိုင် ကုသိုလ်ပြု လှူဒါန်း နေသလို လှူဒါန်းလိုသူများကိုလည်း ကျောင်းတော်သို့ အရောက်ခေါ်လာ မိတ်ဆက်ပေးခဲ့ပါ၏။ ထို့အတူပင် ဥက္ကဋ္ဌကြီး ဦးဉာဏ်ဝင်းနိုင်(နတ်ပြည်နန်း တော်) မှလည်း ကိုယ်တိုင်လှူ.. လှူချင်သူလဲ ဆွဲဆောင်ပြောပြ ဖေးကူမပြုနေကြရာ သူတို့နှင့် စီးပွားလုပ်ဖေါ်ကိုင်ဖက် တရုတ်လူမျိုး များစွာလည်း ကျောင်းတော်သို ရောက်ရှိလာခဲ့ပါချေ၏.. တရုတ်လူမျိုးများသည်လည်းပဲ မိမိတို့၏ အများအကျိုးသယ်ပိုးဆောင်ရွက် မှုတွေကို လေ့လာ သိရှိရသောအခါ စိတ်ပါ လက်ပါပင် တတ်နိုင်တဲ့ဘက်က ပံ့ပိုးခဲ့ကြ ကူညီခဲ့ကြပါ၏ ။ သို့မျှနှင့် အားမရသောအခါMYAMN MALAYSIA NOBLE ASSOCIATION ကိုတည်ထောင် ဖွဲ့စည်း လျှောက်ထားလျှက် မိမိတို့ အား အကောင်းဆုံးဖြစ်အောင် ကူညီပံ့ပိုးနိုင်ဖို့ အထိ ပင် စေတနာထား လာကြပါ၏။
ထိုမျှဖြစ်သာ အားမရကြသော တရုတ်စေတနာရှင်များသည် စာရေးသူတို့ ကျောင်းအနေအထား ကျဉ်းမြောင်းခြင်း အမျိုးဘာသာသာသနာမှုအတွက် ဆောင်ရွက် သည့်အခါ တွေ့ကြုံရသည့် အခက်ခဲကို တွေ့ရှိသိမြင်ကြကာ အများသွားလာဝင်ထွက်ရန် လွယ်ကူသော နေရာတစ်ခုရှိ ပေ ၄၀+၇၀ အကျယ် အဆောက်အုံ နှစ်ထပ်ကို ကျောင်းအဖြစ် ငှားရမ်းကုသိုလ်ပြုလိုပါကြောင်း ဆွေးနွေး ဖိတ်မာန်လာပါသည်. ငွေကြေးအခန်းကဏ္ဍအတွက် ရတက်မပွား သောကမများဖို့ ..မြန်မာပရိတ်သတ်များနှင့် မစည်ပင်သေးသ၍ နှစ်ချီကာ သူတို့တာဝန်ယူ ထောက်ပံ့မည့်အကြောင်းကိုပါ အားရဝမ်းသာ ပြောကြား ဖိတ်မာန်လာပါ၏။
စဉ်းစားဖွယ်မှာ ဤနေရာ
ယခုလက်ရှိကျောင်းတော်နေရာသည် သာယာစည်ကားသော ကူချိုင်းလားမား အရပ် တွင် တည်ရှိသည်ကား မှန်ပါ၏ အနီးအနားတွင် နေ့စဉ် အာရုဏ်ဆွမ်း နေ့ဆွမ်း လှူဒါန်း နိုင်သော မြန်မာစားသောက်ဆိုင်များ ဖွင့်လှစ်ထားရှိနေသဖြင့်လည်း ဆွမ်းရအရေး မပူအေးရ အဆင်ပြေလှပါ၏။ ဆွမ်းဝတ်ယူ ကုသိုလ်ပြုပေးနေသည့် မန်းဘစံ. သိန်းဇော်စသော မြန်မာစေတနာရှင်လေး တွေကြောင့်လည်း အစစ အဆင်ပြေလှပါဘိခြင်း…ကျောင်းအနီးနေ ကိုမောင်မောင်ဦး.. ကိုသိန်းဝင်း.ဒေါ်သီတာ.ကိုသက်မျိုးအောင်အစရှိသော စေတနာရှင်တို့၏ အားကျိုးမာန်တက် ပံ့ပိုးမှု့များကလည်းကျောင်းတော်ကြီးအား အားတက်ရွှင်လန်းစေပါ၏ သာယာစိုပြေစေပါ၏.စေတနာ သဒ္ဓွါထက်သန်ပေငြား ကလျှာဏမိတ္တကျောင်းတော်သား အုပ်စု၏ ဝေယျာဝစ္စ အကျိုး ဆောင်မှုတွေက ကျောင်းတော်နေသံဃာတော်များအတွက် အဘက်ဘက်မှဆင်ပြေ လှစေ၏ . အဆင်မပြေမှုကို ပြပါဆိုလျှင် သွားလာရေး ခက်ခဲမှု့ တစ်ခုသာ ပြရန်ရှိပါ၏ အဝေးမှ လာရောက်လိုသူ ကုသိုလ်ယူ ပင့်ဖိတ်လှူဒါန်းလိုသူ သင်တန်း အတွက် ကုသိုလ်ရေးအတွက် ကျောင်းကိုလာရောက်လိုသူတို့အနေဖြင့် တက်စီကားကိုသာ အားပြုနေရပေရာ လမ်းစရိတ်အတွက်ပင် အတော်ကုန်နေပေပြီ.. ဘစ်ကားလမ်းကြောင်းပေါ် မဟုတ်ခြင်း မြို့ပတ်ရထား ဘူတာများ မနီးခြင်းက အခက်ခဲ ဖြစ်နေချေ၏ သို့ဖြစ်ရာ အားလပ် ရက်တွေမှာ ကျောင်းလာလိုသူများ ရှိနေလင့်ကစား အသွားအလာ အခက်ခဲကြောင့် မလာဖြစ်ကြပါချေ.. ဒါတွေကား စဉ်းစားစရာ လက်ရှိနေရာ အနေအထားဖြစ်ပါ၏..
ကျောင်းလခများအတွက် ရှေ့ရေးခက်
လက်ရှိကူချိုင်းလားမား ညောင်ကန်အေး ကျောင်းတော်သည် ကူချိုင်းလားမား စီပွားရေး ဒေသအတွင်း BUSINESS တိုက်တန်းများတွင် တည်ရှိနေရာ ကျောင်းခန်းမ ငှားရမ်း အသုံးပြုခသည် ဈေးကြီးလှသလို ရေမီးအသုံးပြုခသည်လည်း ထိုနည်းတူပင် ဈေး ကြီးလှ၏..
တစ်လလျှင် ကျောင်းလခ ရေ မီး အစုံ ကုန်ကျစရိတ်သည် ရင်းဂစ်ငွေ ၂၅၀၀ ခန့် အသုံးပြု ကုန်ကျနေရပါ၏ ။ လစဉ် လစဉ် အလှူရှင်တို့ ထည့်ဝင် ကောက်ခံ လှူဒါန်းပေးနေသည့်ငွေ ပမာဏသည်လည်း ပုံမှန် မရှိပါချေ.. အများဆုံး ၁၅၀၀ ထက်မပို ပါချေ.. သို့ဖြစ်ပေရာ ဝါဆို ကထိန်သင်္ကန်းကပ်ပွဲများ၊တရုတ်နှစ်သစ်ကူး၊တရားစခန်းပွဲတော်များတွင်.အများက စုပေါင်း လှူဒါန်းခဲ့သော သင်္ကန်းပရိက္ခရာဖိုးများအား ဘဏ်အပ်ထားရှိကာ လိုအပ်သလို ထုတ်ယူ ဖြည့်စွက် အသုံးပြု နေရပါ၏။ ယခင်အစဉ်အဆက်ကာလများက ကျောင်းဝေယျာဝစ္စအတွက် အကျိုးဆောင်ပြီး လှူဒါန်းငွေကောက်ခံပေးနေသူ တို့သည်လည်း မလေးရှားအစိုးရ၏ ပါမစ် သက်တန်းတိုးပေးရေး မူအပြောင်းအလဲ များအောက်မှာ ဒူးထောက်အရှုံးပေးလိုက်ရခြင်းသည် လည်း ကျောင်းတော်ကြီး အတွက် အထိနာ လှပါ၏. ပုံမှန် လှူဒါန်း ထောက်ပံ့နေသည့် မြန်မာ ဆိုင်အချို့ကလဲ စီးပွားရေး မတည်ငြိမ်မှု့ကြောင့် ထောက်ပံ့လှူဒါန်းနိုင်ခြေ လျှော့ပါးလာခဲ့ပါပြီ
အမာခံ ကျောထောက်နောက်ခံပေးထားသည့် အချိုးစီးပွားအုပ်စုများ၏ စီးပွားရေးအနေအထား လျှော့ပါးလာသည်ကလည်း ကျောင်းအတွက် စိတ်လက်မသာယာနိုင်ဖွယ် မဟုတ်ပါလား… ဒီတော့ကား ကျောင်းတော် အရှည်ခန့်၍ တည်တန့်နိုင်ရေးသည် ရတက်မအေးစရာ ဖြစ်လာပါချေပြီ …
သူတို့လိုသူတွေ…လိုအပ်နေ
မလေးရှားတွင် ညောင်ကန်အေး သာသနာ့ရိပ်သာ ကြီး စတင်တည်ထောင်ခဲ့သည်မှာ ၆ နှစ်အတွင်း ချဉ်းနင်းရောက်လာပြီဖြစ်ပါ၏.. ကျောင်းတော်ကြီးအတွက် အဘက်ဘက်မှ စေတနာရှေ့ထား ကြိုးစားကူညီ ပံ့ပိုးလှူခဲ့သူပေါင်းသည် ထောင်သောင်းချီ ရှိနိုင်ပါ၏..ထိုအထဲ တွင် စံပြလောက်သည့် စေတနာအကျိုးဆောင်တဦးကို ရွေးချယ်ပြပါဆိုလျှင် ဆာဒန်းနယ်မြေ မှ ဒေါ်ထွေးထွေးနွယ်ကို ရွေးချယ်ပြလိုပါ၏. သူမသည် သာမာန်စက်ရုံ လုပ်သား တဦးပင် ဖြစ် သော်လည်း ဘာသာသာသနာချစ်စိတ် အပြည့်ဖြင့် အများအကျိုး ဆောင်ရွက်ရာတွင်မူ ချီးကျူးဂုဏ်ယူလှဖွယ်အပေါင်း သရဖူဆောင်းလို့နေပါချေ၏. သူ့ဘဝကိုကား ဖြစ်သလို နေထိုင် စားသောက်ပြီး ရရှိလစာငွေများထဲမှ အချိုးကျအနေဖြင့် ကျောင်းပေါင်းများစွာကို ထောက်ပံလှူဒါန်းနေသကဲ့သို့ အခါအားလျှော်စွာ ကျင်းပသည့် ပွဲတော်ကြီးများတွင်လဲ ရှေ့တန်းကပင် နေရာယူ ပါဝင်လှူနေပေ၏ အိန္ဒိယ သီရိလင်္ကာတို့တွင် ပညာသင်နေသော အရှင်များကိုတွေ့လျှင်လည်း၊နည်း၊များမဟူပညာပါရမီတော့ဖြည့်ဆီး ယူသည်သာဖြစ်ပါ၏။ ဤသို့ ကိုယ်တိုင် လှူဒါန်းနေရုံဖြင့် မကျေနပ်နိုင်သော သူမသည် ကျောင်းများမှ ဖြတ်ပိုင်းစာအုပ်များကို တောင်းယူထားပြီး အလုပ်ပိတ်အားလပ်ရက်များတွင် နီးစပ်ရာ အလှူခံ ထွက်ပါတော့သည်။ ရရှိငွေများကို စာရင်းဇယား သေချာပြုလုပ် မှတ်တမ်းထားပြီး ဆရာတော်များထံမှောက် အရောက်ပို့လှူ ရေစက်ချ ကုသိုလ်ယူနေရာ ညောင်ကန်အေး သာသနာ့ရိပ်သာ တခုတည်း အတွက်ပင် လစဉ် လစဉ် ရင်းဂစ် လေးရာ အထိ ကောက်ခံ လှူနိုင်နေပါ၏..
ဒေါ်ထွေးထွေးနွယ် နည်းတူပမာပင် စေတနာသဒ္ဓွါရွှင်စွာ မြတ်မေတ္တာဖြင့် ကျောင်းတော်အတွက် အကျိုးဆောင်ကူညီပံ့ပိုးနေ လှူဒါန်းနေ အလှူခံပေးနေသူများလဲ ရှိပါသေးသည်။ဘလက်ကောင်းဝေဟုန်းပရိဘောဂစက်ရုံ ၊ ကူချိုင်းလား M.P.I.B စက်ရုံ မောင်သက်မျိုးအောင်.U.P.A စက်ရုံ ဆူဘန်းဂျာရာမှ ကိုကျော်စွာမင်း . ပီဂျေမှ မောင်ပေါ်လွင် ၊ ကလန်းလားမှ မောင်ဋ္ဌေးမင်းနိုင်အစရှိသည်ဖြင့်ပေါ့.. တစ်ဦးချင်း တတ်နိုင်သမျှ မတည်လှူနေသူလဲ များစွာပင်.. စစ်သံမှူးကြီးမိသားစုက အပတ်စဉ် ဆွမ်းစရိတ်အတွက် လစဉ် ၃၀၀ ကပ်လှူသလို ကိုကျော်စွာမင်း+ မတင်တင်လတ်.ကိုဉာဏ်ဝင်းနိုင်၊ကိုမျိုးပိုင်. ဒေါ်မြင့်ဝင်း(ကျော်သီဟ) ကိုသိန်းဝင်း(နဒီလှိုင်း)ကိုမာဒင် အစရှိသူတို့ကလဲ တတ်စွမ်းသမျှ လစဉ် ကျောင်းစရိတ်အဖြစ် လှူဒါန်းနေပါ၏
တကယ်တော့ ကျောင်းတော်နှင့် ကျောင်းတော်နေ ဆရာတော်များသည် ပုံမှန် ဝင်ငွေရှိသူများ မဟုတ်ကြပါ.. သာရေး နာရေး ပင့်ဖိတ်သူရှိပါမှ လိုက်ပါတရားဟော ပရိတ်ရွတ် စသည်ဖြင့် ဘာသာရေးဆိုင်ရာ ဝတ္တရားများ ဆောင်ရွက်ရပေရာ အလှူရှင် လှူဒါန်းသမျှသာ ဝင်ငွေ အနေဖြင့် ရှိကြပါ၏.အချို့လများဆိုလျှင် အပြင်ဆွမ်းစား တစ်ခါမျှပင် မကြွရပါချေ..
ကျန်းမာရေးအတွက် ဗီဇာအတွက် ကုန်ကျရမည့် ငွေ ရှိအောင် ရလာသမျှကိုချွေတာ သုံးနေရသည်သာဖြစ်ပါ၏။ဒီအခြေနေမှန်ကို သိကြသော စေတနာရှင်တို့က လစဉ်လစဉ် မိမိတို့လစာလေးများထဲမှ ဖဲ့ကာ ဖဲ့ကာ ထည့်ဝင်ကောက်ခံလှူဒါန်းနေကြသည်ဖြစ်ရာ ဤကဲ့သို့ စေတနာအကျိုးဆောင်များ အများအပြား ပေါ်ပေါက်လာရေးသည် အရေးကြီးလှပါပေ၏။ သို့မှသာလျှင် ကျောင်းတော်ကြီး ရေရှည်တည်တန့်နိုင် ခိုင်ခန့်ရပ်တည်နိုင်အောင်စွမ်းဆောင်နိုင်မည်ဖြစ်ပြီး အမျိုးဘာသာသာ သနာအကျိုး သယ်ပိုး
ရွက်ဆောင်နိုင်မည် ဖြစ်ပါသည်။
ဘက်စုံအလှူ ထောက်ပံ့သူ ကိုအောင်ဆန်းဦးနှင့် မိသားစု
ညောင်ကန်အေး သာသနာ့ရိပ်သာတွင် ကျောင်ထိုင်အဖြစ် အများအသိအမှတ်ပြုခံရပြီး မကြာမီ စာရေးသူသည် ဝတ်တခုကို စရဏ တစ်ခုအနေဖြင့် ဆောက်တည်ဖြစ်ခဲ့ပါသည်. ဘာသာရေးဆိုင်ရာ ရွတ်ဖတ်ပူဇော်ခြင်း ပုတီးစိပ် တရားထိုင်ခြင်းလို့ပဲ တိုတိုဆိုကြပါစို့ရဲ့…
များမကြာမီ ကာလ၏တစ်နေ့သော်နေ့လယ်တွင် အလှူရှင်မိသားစု တစ်စု ကျောင်းတော်သိုရောက်ရှိလာပြီးသင်္ကန်းပရိက္ခရာနှင့်အတူ သူတို့လက်ဝယ်ရှိသော မှန်ဘောင်သွင်း ဘုရားပုံတော်လေး တစ်ခုကို လှူဒါန်းလိုပါကြောင်းလျှောက်ထားလာပါ၏။ ငွေဖြင့် သွန်းလောင်းထားသော လောနိုင်ငံ ဗီယင်ကျန်း မြို့တော်ရှိ စေတီတော်ကြီး ပုံတော်ဖြစ်ပါသည်.. အကပ်ခံ အနုမောဒနာ ပြုအပြီးမှာ ရင်းနှီးဖော်ရွေစွာ စကားဆိုဖြစ်ကြပါ၏.သူ့အကြောင်း ကိုယ်မေး ကိုယ့်အကြောင်းသူ့ပြော ခင်မင်သွားသော အခါ နောင်လဲ လာလည်ပါ့မည်ဆိုတာ လျောက်ထား၍ ပြန်သွားကြလေ၏.. တိုက်ဆိုင်မှု့လေလား.. ကံကြမ္မာ၏ ဖန်တီးပေးမှု့လေလားတော့ မသိပါချေ.. များမကြာမီပင် ထိုမိသားစု၏ တပည့်တစ်ယောက် ကျောင်းသို့ပေါက်ချလာကာ သင်္ကန်းစီး ဒုလ္လဘဝတ်လိုပါ ကြောင်း ခွင့်တောင်းလာခဲ့ပါသည်.အကျိုးအကြောင်း မေးမြန်းကြည့်ပြီးသော် သာသနာပြု ကုသိုလ်ထူးကို ဆည်းပူးရယူကြမည့်သူများမှာ ဘုရားပုံတော်လှူဒါန်းသွားသော မိသားစု ဖြစ်ကြောင်း သိလိုက်ရပါချေပြီ.သို့နှင့်ပင် ဒုလ္လဘရဟန်းငါးပါး ဝတ်ပွဲကျင်းပကြပါသည်.. ထိုငါးပါး အနက် တစ်ပါးသည်မူ ယခုအချိန်ထိ မြဲနေလျှက် စာရေးသူအား အဘက်ဘက်မှ အားတက်စွာ ကူညီနေထိုင်လုပ်ကိုင်ပေးနေသည် အရှင်တေဇ ပင်ဖြစ်ပါ၏.
အရှင်တေဇ တို့ငါးပါး ရဟန်းဘောင်တွင်း ချဉ်းနင်းဝင်လာ အချိန်အခါကာလသည် ဤကျောင်းတော်သည် ပူချုန်းမှာ ခြောက်မိုင်တွင် တည်ရှိနေသေးချိန်ဖြစ်ပါ၏.. အရှင်၏ မေတ္တာ စေတနာ လောင်းရိပ်မှာ မှေးမှိတ်ခိုဝင်လာခဲ့ကြသော အရှင်တေဇ နှင့် လေးပါးတို့အား ပစ္စည်းလေးပါး တာဝန်ယူလှူဒါန်းလေ့ရှိရာ သင့်ရာသင့်ရာ ဒေသနာလေးများကို ဖွေရှာ ဟောပြဖြစ်ခဲ့ပါ၏.. မိမိဟောကြား တရားနာကြားရင်း စေတနာသဒ္ဓါအား ကြီးမားလာကြသော ကိုအောင်ဆန်းဦးနှင့် ဇနီး မသန်းသန်းဋ္ဌေးတို့မှာ မိမိအားလည်း သိက္ခာဆင့်ကံမြှင့်ပေးခဲ့ပြီး ကျောင်းတော်ကြီးနင့်အတူ မိမိအား လိုလေသေးမရှိ စတင်ထောက်ပံ့ပါလေတော့သည်။
သူတို့အကြောင်း တစ်စေ့တစောင်း
ဘာသာ သာသနာစိတ် အပြည့်ရှိ၍ လှူမှု့ တန်းမှု့ အားပြုနေလေ့ ပျော်မွေ့နေလေ့ ရှိသော ကိုအောင်ဆန်းဦး သည်ကား ဘာသာအယူအဆ မတူကွဲပြား မိဘနှစ်ပါးမှ မွေးဖွား လာသော သားရတနာ ဖြစ်လင့်ကစား သူကားဖြင့်မူ ဗုဒ္ဓဘာသာကိုပင် ရိုသေကိုင်းရှိုင်းစွာ ယုံကြည်ကိုးကွယ်သူ ဖြစ်နေပေ၏. ပင်ကိုယ်ဓလေ့ စရိုက်အားဖြင့် တိကျပြတ်သားမှု့ကို အလို ရှိပြီးဖြစ်နိုင် လုပ်နိုင်ရာကိုသာပြောဆိုလေ့ ရှိပါ၏. မလုပ်မပြော လုပ်မှပြော သဘောစင်လှချေ ဆိုသော အဆုံးအမ အတိုင်းပင် သဘောဖြူ အူစင်း အလုပ်အပြောရှင်းသူ တစ်ယောက်ဖြစ်ပါ၏.အလှူရေစက် လက်နှင့်မကွာ ပြုနေချင်သူဖြစ်သည့်အားလျှော်စွာ ရောက်လေရာတွင် စိတ်ဖြူစင်စွာ ပေးကမ်း လှူဒါန်းလေ့ ရှိသောကြောင့် တပည့်များစွာက လေးစားချစ်ခင် ကြပေ၏. ယောင်္ကျား ပီသသည့် ရုပ်သွင်. ပီပြင်ပြတ်သားသည့်သူ့စကား. အင်အားပြည့်ဖြိုးသည့် ခန္ဓာကိုယ်..နှစ်လိုသည့်အပြုံး..ချိုသာသည့် စကားလုံးတို့သည်လည်း ကိုအောင်ဆန်းဦးအား တန်ဆာဆင်ပေးထားသကဲ့သို့ပင် ဖြစ်ပါ၏. လုပ်တတ်ကိုင်တတ် ရှိမှု လုပ်နိုင်ကိုင်မှုတို့တည်းဟူသော ဗျတ္တိ.. လုပ်ရဲကိုင်ရဲ သည့် သတ္တိတို့ကလည်း သူ့ဘဝကို မြေတောင်မြှောက်ပေးနေသလိုပင် ဖြစ်ပါ၏၏။ သူသည် သူတပါး နှင့် မတူ ကွဲပြား ခြားနားသော အမြင်ရှိသူ ဖြစ်သကဲ့သို့ပင် အရာရာတွင် ကြိုတင်စဉ်းစား ပြုမူလေ့ ရှိသည်ကို လေ့လာသိရှိရပါ၏..
ပါရမီဖြည့်ဖက်ဖြစ်သည့် လက်တွဲဖေါ် ဇနီး မသန်းသန်းဋ္ဌေး ဘက် ကြည့်ပါဦး.. သန့်ရှင်းလှပ ကြော့ရှင်းစွာ ဝတ်စားဆင်ယင်နေတတ်မှု့တွေက သူ့ဘဝ သူ့အလှကို ပေါ်လွင်နေစေပါ၏. မျက်နှာပေါ်က အပြုံးများက သူ့မရဲ့ နလှံးသားဖြူစင်မှု့ကိုပင် ကိုယ်စား ပြုနေလေရော့ သလားပင် ထင်ရပါ၏.. နှစ်လိုအားပါသည့်အပြုံး ကို ချိုသာသည့် စကားလုံး တို့ဖြင့် တန်ဆာဆင်ပြောတတ်လေတော့ သူ့စကားတိုင်းသည် သူမစကားကြားရသူတိုင်းကို နားဝင်ချိုစေသည် မဟုတ်ပါလား. လင်ယောင်္ကျားကို အားထားယုံကြည်သလို အရာရာတွင် လည်း ဒိုးတူ ဘောင်ဘက် မောင်တထမ်း မယ်တရွက် စိတ်ထား ရှိသူ ဖြစ်ပါ၏. တပည့်သား သမီးအပေါ် အားနဲ့လျှော်စွာ တာဝန်ကျေပွန်သည့် စိတ်ဓါတ်မွန်မြတ်မှု့ကြောင့် သူ့အားလည်း အားလုံးကပင် ပြန်လည် လေးစား ချစ်ခင်ကြပါဘိခြင်း…
သူတို့စေတနာ များလှစွာ
သူတို့ပြုစု ဒါနမှု့တွေကို စာရင်းပြုသော် များးလှပါချေပြီလား.. အရှင်၏ ကျောင်းတွင် လစဉ် ဆွမ်းအလှူ ပြုသလို အရှင်နှင့်ဆက်စပ်သော အလှူပွဲကြီးများတွင်လည်း ထီးထီးမားမား ထိပ်ဆုံးနားကပ် အမြဲတမ်း မတည်လှူခဲ့ပါ၏ .ဝါဆို ပွဲ ကထိန်ပွဲ တရားစခန်းပွဲ အားလုံးနီးနီးတွင် မတည်အလှူရှင်နေရာက ပါဝင်လှူဒါန်းပြီး လိုရာအားလုံး ဖြည့်စွမ်းလှူပါ၏
တစ်ကျောင်းလုံးနီးပါးကို ရင်းဂစ်ငွေ သောင်းကျော်အကုန်ခံကာ ပြုပြင် မွမ်းမံပြင်ဆင်လှူခဲ့ပါ၏
ကျောင်းသုံး ရေခဲသေတ္တာကြီးများမှ အစ အသေးဆုံးပစ္စည်းအထိ ဘာမဆိုမရှိ စကား မကြား ရအောင် အကျိုးဆောင်လှူဒါန်းထားသည်မှာ ကျောင်းရောက်ဖူးသူတိုင်းပင် သိမြင်ဝမ်းမြောက် စရာ သာဓုခေါ်စရာပင်ဖြစ်ပါသည်၊၊ အများအကျိုးဆောင်ရွက်နိုင်ရန်အတွက်လည်း ကွန်ပြူတာများ တီဗွီများမှအစ ခေတ်ပေါ်သင်ထောက်ကူပစ္စည်းမျိုးစုံကို လှူဒါန်းခဲ့သည်မှာ ရင်းဂစ်ငွေပေါင်း သုံးသောင်းကျော်မက ရှိပေပြီ.. ဤအရှင် ခရီးစဉ် တခုသွားလေတိုင်း လေယဉ်လက်မှတ်ဖိုးအတွက် လှူဒါန်းလေ့ရှိသလို ကျန်းမာရေးအတွက် ကုန်ကျစရိတ်များကိုလည်း လှူဒါန်းနေပါ၏..
သို့ဖြစ်ရာ ဤမိသားစု သည် စာရေးသူ၏ ပစ္စည်းလေးပါးဒါယကာများ အနေဖြင့်ရော ရဟန်း ဒါယကာ ကျောင်းဒါယကာအနေဖြင့်ပါ ကျေးဇူးများလှပါချေပြီ.ဤမိသားစုနှင့် ဆုံးဆည်းခဲ့ရ၍ စာရေးသူသည် အမျိုးဘာသာ သာသနာအကျိုးကို အားကျိုးမာန်တက် ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်ဟု ဆိုရလျှင်လဲမှားအံ့ မထင်ပါချေ..
ဘဝအနုသယလမ်းမှာ သမုဒယပန်းတို့ လန်းစေသူများ
စာရေးသူ မလေးရှားမြေသို့ အခြေချပြီးသည့်မှနောက်ကာလတွင် စာရေးသူ အပေါ်တွင် ချစ်ခင်သံယောဇဉ်ရှိသူတွေအများအပြား ရှိခဲ့ပါ၏. အရှင်၏ အားငယ်တတ်သော စိတ်သဘောကို သိ၍လေလား ခွဲခြားမသိပါချေ… ထိုအထဲတွင်တော့ အရှင်အား ကံဆင့်ကံမြှင့် သိက္ခာဆင့် ပေးပြီး ပစ္စည်းလေးပါး ဒါယကာ ခံယူထားသူ ဒေါ်မြင့်ဝင်း(ကျော်သီဟခရီးသွား လုပ်ငန်း)သည်လည်းအပါအဝင်ပင်။ အရှင်၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းလှူဒါန်းနေသလို ကျောင်းတော်အတွင်း သန့်ရှင်းနေအောင် အမြဲအကျိုးဆောင်ကုသိုလ်ယူ ဝေယျာဝစ္စ ပြုပါ၏ ။
ခုနစ်နေ့ သားသမီးများ ရေသပ္ပါယ် ကုသိုလ်ယူနိုင်ဖို့ ကျောင်းဆင်းတု ရုပ်ပွား လှူဒါန်း ကုသိုလ်ယူထားသလို အခြားခန်းဆီးလိုက်ကာ အခင်းစုံစွာကိုလည်း အမြဲ လဲလှယ်လှူနေပါ၏။ ထို့အတူပင် ဆာဒါန်းနယ်မြေမှ.. ကျောင်းအကျိုးတော်ဆောင် ဦးကျော်မြင့် ဒေါ်ထွေးထွေးနွယ် ၊ ဦးချစ်ခင်. ဒေါ်ဋ္ဌေး ၊ ဦးသန်းနိုင်..ကိုကျော်ထူး.. မောင်မောင်ရွှေ .ထက်ထက်ခိုင် စောတင့်လွင် .. ပူချုန်းမှ ကိုထူးအောင်..ကေအယ်မှ ရွှေဟင်္သာ မြန်မာဆိုင် မိသားစု.တို့သည် စာရေးသူ၏ ဘဝ အနုသယနွေမှာ သမုဒယတွေ ဝေခဲ့ရသည့် ဒုတိယ မိဘများပမာ ကျေးဇုးကြီးလှပါချေ၏..ညီရင်းအကို မောင်နှမလိုချစ်ခင်သူများတွင် မောင်သက်မျိုးအောင၊် မောင်မန်းဘစံ(ကရင်လေး)မောင်နိုင်ဝင်း..ဝင်းဇော်..ပေါ်လွင်..မြင့်ကို..ဋ္ဌေးမင်းနိုင်.စိုးသန်းလှိုင်
မောင်မျိုးမင်း.မောင်သာကြွယ်..မောင်ဝေဠု.မောင်စိုးနိုင်..မောင်ကြည်လှိုင်..မောင်ဝင်းနိုင် မောင်သန်းစိန် ..ဆန်းတင့်ဦး အစရှိသည့် ညီအကိုတွေ .. သီတာအေး..အေးအေးမြင့် ကေခိုင်. အိအိချော.. နွေးနွေး..ညိုမီ ..စိမ်းမို့မို့.ဆင့်ဆင့်မိုး. ခိုင်ခိုင်နွယ် အစရှိသော ညီမ တတွေကား
မိဝေး ဆွေဝေး တနယ်တကျေးမှာ အထီးကျန်မှု့ကို အဖေါ်ပြုနေရသည့် စာရေးသူဘဝ အနုသယ နွေကို တယုတယ ပြုစုစောင့်ရှောက်ပေးခဲ့သည့် သမုဒယလမ်းက အနုအလှပန်း တို့ဟု တင်စားလောက်သည့် ချစ်ခင်သူများ ပါပေ..အားထားခဲ့ရပါ၏ ဆွေမျိုးရင်းပမာ ချစ်ခင် သံယောဇဉ်ဖြစ်ခဲ့ရပါဘိလေ
စိန်ခေါ်နေပြန် အမေရိကန်
ဤသို့လျှင် စာရေးသူသည် မလေးရှားနိုင်ငံတွင် စေတနာရှင် ကုသိုလ်ရှင်များတို့၏ ထောက်ပံ့လှူဒါန်းမှု့ကို ခံယူကာ အမျိုးဘာသာ သာသနာအတွက် အားကျိုးမာန်တက် ဆောင်ရွက်ခွင့်ရရှိချိန် နှစ်နှစ်ပြည့်ခါနီးတွင်မှာတော့ ကံကြမ္မာအလှည့်အပြောင်း အကြောင်းက ဖန်လာခဲ့ပါချေပြီ.. ၎င်းမှာ ကမ္ဘာ့ထိပ်သီး စီးပွားရေး နိုင်ငံရေး မဟာအင်အားကြီးဖြစ်သော အမေရိကန် နိုင်ငံ သို့သွားရောက်နေနိုင်ဖို့ ပြည်ဝင်ခွင့်ဗီဇာ ရရှိလာခြင်းပင်ဖြစ်သည်.
လူတိုင်း သွားချင် လာချင် အခြေချချင်သော ဒီမဟာနိုင်ငံကြီးသို့ သွားရောက်ရဖို့ ဆိုသည်မှာ လက်ရှိ ကျောင်းတော်နှင့် အားလုံးသော လက်တွဲဖေါ် သာသနာ့မိခင် ဖခင် ကျေးဇူးရှင်များအား စွန့်ခွာ ထားရှိခဲ့ရမည့် မဟာစွန့်စားခန်းကိုကား ကျော်လွှားသွားလို့ မဖြစ်နိုင်သည်မဟုတ်ပါလား. ဒီတော့ကား အမေရိကန် ဗီဇာရရှိသောအခါ ဝမ်းသာရမည့်အစား ဝမ်းတောင်နည်းလွန်းလှသလိုလို.. ရင်ထဲလှိုက်ဖို ခံစားမှု့တို့ပိုခဲ့သည်ဆိုပါလျှင် လွန်အံမထင်မိပါချေ.. ချစ်သော ခင်သော သံယောဇဉ်ရှိသော ဒကာ ဒကာမ ကျောင်းသား ကျောင်းသူ မှီနေသူ တပည့်အများအား ခွဲထားသွားရမည့်အရေးကား တွေးမိတိုင်း မလွယ်ကူ..
ပံ့ပိုးလှူနေသူ ဒကာတို့များ စေတနာအားနှင့် ချစ်ခင်မှု့ သံယောဇဉ်ကို အလွယ်တကူ ထားခဲ့ နိုင်လောက်အောင် စာရေးသ၏အသည်းကား မမာနိုင်သေးပါချေ… သို့သော်လဲ အမေရိကန် တည်းဟူသော အာရုံက မူ စာရေးသူ၏ နှလုံးသားကို ညှို့ယူထားပါချေပြီ… အမေရိကန် သွားလာခွင့်တည်းဟူသော လင်းအာရုဏ် ရောင်ခြည်ဦးကတော့ သန်းလို့လာခဲ့ပါချေပြီ အမျိုးဘာသာ သာသနာမှု့ကို အားပြုဖို့ရာသာ အာရုံပြုလို့ …တက်သစ်စ ဒီအာရုဏ်ကို တန်ဖိုးရှိရှိ အသုံးချနိုင်အောင်သော စဉ်းစားရပါတော့မည် ဟုသာ တွေးမိပါတော့သည်..
အရုဏ်နှင့်ကင်း၍ ဖြစ်တည်လာသော နေ့ရက်များသည် မရှိစကောင်း သကဲ့သို့ပင် အာရုံ နှင့်ကင်းသော ခံစားမှု့ ဖြစ်စဉ် သည်လည်း ရှိကောင်းအံ့ မထင်ချေ.. လင်းအာရုဏ်ကို တန်ဖိုးသိသိ အကျိုးရှိရှိ ထိထိမိမိ အသုံးချတတ်သူတို့သည် အသုံးကျသည့် နေ့ရက် လ နှစ် ဘဝ များကို ပိုင်ဆိုင်သွားကျသလို တွေ့ကြုံလာသည့် ငါးပါးအာရုံကိုလည်း သတိသက်ဝင် ဥာဏ်နှင့်ယှဉ်ကာ တန်းဖိုးရှိအောင် အသုံးချသင့်သည် မဟုတ်ပါလားလေ.. အာရုံကောင်းမှ ကောင်းအာရုံကို ကောင်းအတိတ်နှင့် ကောင်းနိမိတ်ယူ ပြုမူ ပြောဆို ကြံစည် လုပ်ကိုင် နေထိုင်ကြလို့ အချို့သောသူတွေ ကြီးပွားအောင်မြင် နေကြသည်ကို လည်း ဝန်းကျင်တွင် တွေ့မြင်နိုင်သည်သာ ဖြစ်၏..
သတိမမူ ဥာဏ်မကူ ပဲ ငါးပါးအာရုံ လိုက်စားကုန်၍ နွမ်းပါး ပျက်စီးနေကြသော လူအများလဲ ထင်ရှားရှိနေပေရာ ပေါ်ရာ ပေါ်ရာ အာရုံအပေါ်တွင် ဥာဏ်သက်ဝင် ဆင်ခြင် လုပ်ကိုင် ဆုံးဖြတ်နိုင်စွမ်းသည် လူတိုင်းအတွက် အရေးကြီးသော အချက်ပင်ဖြစ်ပါလိမ့်မည်။
နေ့တိုင်းသည် အာရုဏ်နှင့် မကင်း နိုင်သလို ကောင်းဆိုး နှစ်တန်သော လူတို့၏ ခံစားမှု့များ သည်လည်း အဆင်း ..အသံ..အနံ.့ စသော အာရုံ တရားနှင့် ကင်း၍ မဖြစ်နိုင်ပါချေ…
ခွဲခွာဖို့ရန် အချိန်တန်
တွေ့ကြုံဆုံကွဲလောကထဲ မှာ ကျင်လည်နေရသူများတွင် ကိုယ်လည်းအပါအဝင်ဖြစ်၏ မြစ်ချောင်းအတွင်းမှ ဗေဒါပင် ဗော့ဒိုက်တသင်းသည် ရေစီးအားကြောင့် မပြိုကွဲနိုင်သော်မှ ဝဲဂယက်အတွင်း သက်ဆင်းရသည့် အခါ တစစီပြုကွဲလို့ ရေစီးသယ်ရာ လိုက်ပါရသကဲ့သို့ လောကအတွင်း မှီတင်းတည်နေ ဒို့တတွေလည်း ခုနေမကွဲလည်း တစ်ချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ပဲ လမ်းခွဲကြရမည်သာ ဖြစ်သည်မဟုတ်ပါလား..
သို့ဖြစ်ရာ ရှင်ကွဲ..သေကွဲ.. ဒီနှစ်ကွဲ မှ ရှင်စဉ် ခွဲခွာမှု့သည် အနုသယ မကင်းသော သူအတွက် စိတ်ပျက်ဝမ်းနည်းစရာ တဒင်္ဂကို ကြုံရနိုင်သော်လည်းပဲ အမြဲထာဝရမရှိသည့် သင်္ခါရလောကကြီးမို့ ချစ်စဉ်အခါ ကြိုတင်ကာ ခွဲခွာရခြင်းသည်ပင် သက်သာသေးသည်ဟု အောက်မေ့မိပါတော့သည်..
ဤအတွေးများဖြင့် စာရေးသူရဲ့ နောင်အနာဂတ်ဘဝ နေ့ရက်များ၏ အာရုဏ်ဦး စိန်ခေါ်သံများကို ကောင်းအာရုံ ကောင်းအတွေးနဲ့ ကောင်းစိတ်မွေးကာပင် ရင်ဆိုင်ယှဉ်ပြိုင် အနိုင်ယူတော့မယ်ဟု အာရုံပြုရင်း …
ကောင်းခြင်းမင်္ဂလာ ဖြိုးဝေစွာဖြင့် ကောင်းရာတွေသာ ကြုံဆုံနိုင်ကြပါစေ…
မေတ္တာသီသေန စိတ္တေန အရှင်နန္ဒဝံသ(ညောင်ကန်အေး)










0 comments:
Post a Comment